• A boat with beautiful sunset.
  • Tree in field with blue sky.
  • Amaizing sunrise moment

Thursday, August 27, 2015

မနက်ဖြန်များအား မျှော်လင့်နေဆဲ ဆန်အခက်ကြုံ စေတုတ္တရာ

 စေတုတ္တရာမြို့ရှိ ကျေးရွာပေါင်း ၃၄ ရွာသည် ရေလျှံမှု၏ နောက်ဆက်တွဲ အဖြစ် ဆန်အခက်အခဲကြုံတွေ့နေရသည်ဟု ကယ်ဆယ်ရေးပစ္စည်း ဝေငှပေး လျက်ရှိသည့် စေတုတ္တရာမြို့သူတစ်ဦးက ပြောသည်။

စေတုတ္တရာမြောက်ပိုင်းရှိ သွားလာရခက်ခဲသည့် ကျေးရွာများအပါအဝင် ကျေးရွာ ၃၄ ရွာမှ ဆန်ရရှိရန် စေတုတ္တရာဓမ္မာရုံ၌ သြဂုတ် ၂၃ ရက်က စောင့်စားနေသည်။ ယင်းကျေးရွာများသည် ရေလျှံမှုမဖြစ်ပွားသော်လည်း စိုက်ခင်းများပျက်စီးပြီး မိသားစု ၃ဝ၄ဝ ခန့် စားရေးအခက်အခဲ ရင်ဆိုင် နေရသည်။

စေတုတ္တရာမြောက်ဘက်ရှိ ကျေးရွာများသည် မူလကပင် မိုးရွာလျှင် လမ်းပန်းဆက်သွယ်ရေးခက်ခဲပြီး ကုန်ပစ္စည်းသယ်ယူစရိတ် ကြီးမြင့်သည်။ ရေလျှံမှု ဖြစ်ပွားခဲ့ပြီးနောက် ကျေးရွာချင်းဆက်လမ်းများ ပျက်စီးသွားသည်ဟု ဒေသခံအများစုက ဆိုသည်။

ပင်းချောင်းကျေးရွာ၏ ရာအိမ်မှူးသည် စေတုတ္တရာမြို့လယ်ဓမ္မာရုံ၌ ဝေငှနေသည့် ကယ်ဆယ်ရေးပစ္စည်းများရရှိရန် ဓမ္မာရုံအတွင်း ဆန်အိတ်များ အကြားတွင် စောင့်မျှော်လျက်ရှိသည်။


ရွာသားများပြောပြချက်အရ ရေလျှံ မှုကြောင့် ရွာသို့ ရောက်ရှိနိုင်သည့် လှည်းလမ်းများနှင့် မုန်းချောင်းကို အမှီပြုစိုက်ပျိုးထားသည့် စပါးခင်းများ ပျက်စီးသွားခဲ့ကြောင်း၊ ပင်းချောင်း ကျေးရွာအတွက် လက်ရှိတွင်အခက်ခဲ ဆုံးပြဿနာမှာ ဆန်ရရှိရန်ပင် ဖြစ်ကြောင်း သိရသည်။

''အခက်ခဲဆုံးကတော့ စားဖို့ ဆန် က အခက်ခဲဆုံးပါ။ သြဂုတ် ၂၂ ရက်က ဆန်အိတ် ၂၆ အိတ်ပဲရသေး တယ်။ ဒါပထမဆုံးရတဲ့ အလှူပါ'' ဟု ပင်းချောင်းရွာ၏ရာအိမ်မှူးက ပြော သည်။

ပင်းချောင်း ကျေးရွာသည် စေတုတ္တရာမြို့နယ်တွင် ပါဝင်ပြီး မြို့နှင့် မိုင်သုံးဆယ်ကွာဝေးပြီး ဆောမြို့ အစပ်တွင် တည်ရှိသည်။ လူဦးရေ ၁၇၄ ဦးနှင့် အိမ်ခြေ ၃၈ အိမ်ရှိသည်။ ဇူလိုင်လနှင့် သြဂုတ်လတွင် ဖြစ်ပွား ခဲ့သည့် စေတုတ္တရာ ရေကြီးမှုတွင် ပင်းချောင်းရွာသည် ရေနစ်မြုပ်ခဲ့ခြင်း မရှိပေ။ ဖုန်းလိုင်းမရှိသည့် ပင်းချောင်း ရွာသည် နွေရာသီတွင် လှည်းလမ်း ဖြင့်သာ သွားလာနိုင်သည်။
ယခင်က ပင်းချောင်းသည် ဆန်ကို ဆောမြို့သို့ သွားရောက်ဝယ်ယူသော် လည်း မုန်းချောင်းရေလျှံမှုကြောင့် လမ်းများပျက်စီးကုန်သည်။ စေတုတ္တရာ သို့ သွားရောက်ရန်လည်း ကားလမ်း ပေါက်သည့် နေရာအထိ ရှစ်မိုင်ကျော် လမ်းလျှောက်ရသည်။ စေတုတ္တရာမှ ပင်းချောင်းတည်ရှိရာ အနီးစပ်ဆုံး ကားလမ်းသို့ ကုန်ကားငှားခမှာ တစ်သိန်းနှစ်သောင်းကျပ်ကျသည်။

သယ်ယူစရိတ် ကြီးမြင့်သဖြင့် အလှူရရှိသည့် ဆန်အိတ်များကို ကုန်ကားတစ်စီးတိုက် ပစ္စည်းရရှိမှသာ ရွာသို့သယ်နိုင်မည်ဖြစ်သည်။ ကားလမ်း မပေါက်သည့် ရှစ်မိုင်ခရီးအတွက် အလှူရသည့်ဆန်ကို ရွာသားများက တစ်အိမ်တစ်ယောက်နှုန်းကျ လူထမ်း ဖြင့် လမ်းလျှောက်သယ်ကြရမည်ဟု ရာအိမ်မှူးက ပြောပြသည်။
''ကားငှားခရဖို့ ရွာကလူတွေဆီက စေတနာရှိသလောက် အလှူထည့် ကြပါဆိုပြီးငွေစုပြီးမှ မြို့ပေါ်လာရ တာ။ရောက်နေတာ သုံးရက်ရှိပြီ'' ဟု ပင်းချောင်းရာအိမ်မှူးက ဆက်လက် ပြောသည်။

ကယ်ဆယ်ရေးပစ္စည်း ဝေငှပေး လျက်ရှိသည့် စေတုတ္တရာမြို့သူ ဒေါ်ညိုညိုဦးက ရေဘေးဒဏ်ခံ ကျေးရွာ ၃၄ ရွာအတွက် ရက်ပေါင်း ၃ဝ ခန့်အထိသာစားရန် ဆန်ကို ဝေငှပေးနိုင်ခဲ့သည်ဟု ပြောသည်။ မူလလယ်မြေများ ပြန်လည်စိုက်ပျိုးရန် အတွက်မူ အချိန်သုံးလလောက် ကြာမြင့်လိမ့်မည်ဟု ¤င်းကခန့်မှန်း သည်။

''အလှူရှင်တွေကို ဆန်ကိုပဲ အဓိက ထားပြီး လှူပေးဖို့ ပြောထားပါတယ်။ လုံလောက်မှုရှိသလား ဆိုရင်တော့ ဘေးသင့်သွားတဲ့ ရွာတွေကများတော့ ထောက်ပံ့မှုတွေ လိုအပ်မှာပါ။ အလှူရှင်တွေကို ဆက်သွယ်နေပါ တယ်။ လှူဒါန်းသူတွေ ရပ်သွားတဲ့ နေ့ကျရင်တော့ အလှူက ရပ်သွားမှာ ပါ''ဟု ပြောသည်။
စေတုတ္တရာမြို့တွင် ရပ်ကွက် (၂) ရပ်ကွက်နှင့် ကျေးရွာ ၁၁၇ ရွာရှိ သည်။ မြို့အထက် နှစ်မိုင်ခန့်တွင် မုန်းချောင်းတမံနှင့် မြို့အောက် မိုင် ၂ဝ ခန့်အကွာ ကြီးအုံကြီးဝ ဆည် တမံကြားတွင် တည်ရှိသည့် ချိုင့်ဝှမ်း ဆန်သော မြို့ဖြစ်သည်။

ဇူလိုင်လအတွင်းက မုန်းချောင်း မြစ်ဖျားခံရာ ချင်းပြည်နယ်တွင် နှစ်ငါးဆယ်ကျော်အတွင်း စံချိန်တင် မိုးသည်းထန်စွာ ရွာသွန်းခဲ့သည်။ မုန်းချောင်း ဖြတ်သန်းစီးဆင်းရာ စေတုတ္တရာမြို့သည် မိုးသည်းထန် မှုနှင့် တောင်ကျရေများကြောင့် ဇူလိုင် ၂၉ ရက်မှ သြဂုတ် ၆ ရက်အထိ ရေလျှံ မှုဒဏ်ကို ခံစားခဲ့ရသည်။ ရေတက် စဉ်က တစ်နာရီ တစ်ပေခန့်အထိ ရေတက်နှုန်းမြန်ဆန်ခဲ့ပြီး မြို့လယ် ကောင်သို့ ရေအမြင့် ၁၃ ပေခန့်အထိ ရောက်ရှိခဲ့သည်ဟု မြို့ခံများက ပြန်လည်ပြောသည်။ ရေလွှမ်းမိုးမှု ကြောင့် ပျက်စီးဆုံးရှုံးမှု အများဆုံးမှာ ပွင့်ထောက်၊ ငလဲနှင့် လယ်ကိုင်း ကျေးရွာများ ဖြစ်သည်။

ရေလျှံမှုနှင့်အတူရေများဖုံးလွှမ်း ခြင်းကြောင့် ရွှံ့ညွန်များတင်ကျန်ခဲ့ရ သည့် စေတုတ္တရာမြို့အား သြဂုတ် ၁ဝ ရက်မှ စတင်ကာ ပြန်လည် ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက် နေသည်ဟု မြို့နယ်အာဏာပိုင်များက ဆိုသည်။ စီမံခန့်ခွဲရေးအဖွဲ့တစ်ဖွဲ့ကို ဖွဲ့စည်းပြီး နိုင်ငံအနှံ့မှ ရရှိလာသည့် ကယ်ဆယ်ရေး အလှူပစ္စည်းများအား ရေနစ်မြုပ်မှုအပေါ် မူတည်ပြီး အဆိုးဆုံး၊ အသင့်အတင့်နှင့် အပေါ်ယံ နစ်မြုပ်ဟူ၍ အမျိုးအစားသုံးခုခွဲပြီး ဝေငှပေးနေကြောင်း သိရသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ရေဘေးသင့်ပြည်သူများ ရှေ့ဆက် ရပ်တည်နိုင်ရန်အတွက် စားရေး၊ နေရေး၊ အလုပ်အကိုင်အခွင့်အလမ်း၊ စာသင်ကျောင်း၊ ဆေးရုံနှင့် လမ်း၊ တံတားများ ပြန်လည်ပြုပြင်ဆောင်ရွက် ပေးရန်နှင့် ရေဘေးသင့်ဒေသများ ပြန်လည်ထူထောင်ရေးကို အစိုးရက ဦးဆောင်ပြီး ဆောင်ရွက်ရမည်ဟု သြဂုတ် ၂၄ ရက်တွင် နေပြည်တော်၌ ပြုလုပ်သည့် ရေဘေးသင့်ဒေသများ ပြန်လည်ထူထောင်ရေး လုပ်ငန်း ဆိုင်ရာ ညှိနှိုင်းအစည်းအဝေးတွင် ပြောကြားခဲ့သည်။

သက်ဆိုင်ရာမှ ပြန်လည်ထူထောင် ရေးဆောင်ရွက်ရာတွင် စိုက်ပျိုးရေး အဆင်ပြေစေရန်အတွက် အဓိကထား ဆောင်ရွက်နေသည်ဟု သိရသည်။ ယခင်က လမ်းပန်းမကောင်းသည့် နေရာဒေသများကိုပါ ဆက်သွယ် သွားလာနိုင်ရန် ကျေးရွာလူထုနှင့် သက်ဆိုင်ရာပူးပေါင်းကာ ပြင်ဆင် လျက်ရှိနေသည်ဟု စေတုတ္တရာ မြို့နယ်အုပ်ချုပ်ရေးမှူးက ဖုန်းဖြင့် ဆက်သွယ်မေးမြန်းချက်ကို အကြောင်း ပြန်ခဲ့သည်။

''ပွင့်ထောက်၊ ငလဲနဲ့ လယ်ကိုင်း တို့က ပျက်စီးမှုပိုများတယ်။ လမ်းပိုင်း တွေက အများကြီး ပျက်စီးသွားတယ်။ ကျေးလက်လမ်းတွေပါ။ ချောင်းကူး တံတားတွေ ပျက်စီးတယ်။ အရင် တုန်းက လမ်းမပေါက်တဲ့နေရာ တော်တော်များများကို လမ်းပေါက် အောင်လုပ်ထားပြီးပြီ''ဟု မြို့နယ် အုပ်ချုပ်ရေးမှူးက ပြောသည်။
သြဂုတ် ၂၃ ရက်က ရေလွှမ်း နစ်မြုပ်မှုနှင့် ပတ်သက်သည့် အချက် အလက်များ ရယူရန် စေတုတ္တရာ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးသို့သွား ရောက်ရာ တနင်္ဂနွေနေ့ပင်ဖြစ်လင့် ကစား ဝန်ထမ်းများ ရုံးတက်အလုပ် လုပ်လျက်ရှိနေကြသည်။ မြို့နယ် အုပ်ချုပ်ရေးမှူးအား တိကျသည့် ပျက်စီးဆုံးရှုံးမှုနှင့် ပြန်လည်ထူထောင် ရေးဆိုင်ရာ ကိန်းဂဏန်းအချက်အလက် အတိအကျရရှိရန် ဆက်သွယ်ခဲ့ သော်လည်း ကျေးရွာများသို့ သွားရောက် ကွင်းဆင်းနေသည်ဟု အကြောင်း ပြန်လာသောကြောင့် ယခုချိန်အထိ တိကျသည့် ပျက်စီးဆုံးရှုံးမှုနှင့် အချက်အလက်များ မသိရှိခဲ့ရပေ။

စေတုတ္တရာလူငယ်ကွန်ရက်မှ ကိုဝင်းမြင့်ထွေးက ''အလှူရှင် တွေက သတင်းအချက်အလက်ကို အတိအကျမယူကြဘူး။ အုပ်ချုပ်သူ တွေကလည်း သတင်းအချက်အလက် ကို အတိအကျ မပေးနိုင်ဘူး။ ပျက်စီး မှုခြင်းအတူတူ တချို့ရွာတွေမှာ မမျှော်မှန်းနိုင်တဲ့ အလှူပစ္စည်းတွေရ ရှိနေပြီးတချို့ရွာတွေမှာတော့ အလှူ ပစ္စည်း မရခဲ့တာတွေရှိတယ်'' ဟု လက်ရှိ အခြေအနေကို သုံးသပ်သည်။

ဆောင်းပါး - မြတ်သန္တာမောင်၊ ဓာတ်ပုံ - အငယ်လေး
The Mirror Daily
https://www.facebook.com/TheMirrorDaily

0 comments:

Post a Comment