• A boat with beautiful sunset.
  • Tree in field with blue sky.
  • Amaizing sunrise moment

Friday, October 16, 2015

ဒေါ်အောင်ဆန်းစုကြည်၏ ရခိုင်ခရီးစဉ်အစ တောင်ကုတ်မြို့ဟောပြောပွဲ မြို့လုံးကျွတ်နီးပါး လာရောက်အားပေး

မကြာမီကျင်းပမည့် အထွေထွေ ရွေးကောက်ပွဲအတွက် ဒေါ်အောင်ဆန်းစုကြည်၏ ရခိုင်ပြည်နယ် တောင်ကုတ် ဟောပြောပွဲတွင် မြို့လုံးကျွတ်နီးပါး အားပေးခဲ့ကြောင်း သတင်းရရှိသည်။

မြို့လုံးကျွတ်နီးပါးအားပေးမှုနှင့် ပတ်သက်၍ တောင်ကုတ်ဒေသခံတစ်ဦးက “ကျွန်တော်တို့ထင်မထားပါဘူး အိမ်တွေမှာလူတောင် ကျန်ရဲ့လားမသိပါဘူး မျော်လင့်ထားတာထက် ပိုပီးအားပေးကြတယ်”ဟု The Ladies သို့ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်က "ရောက်တာနောက်ကျတဲ့ အတွက် တောင်းပန် ပါတယ်။ စိတ်ရှည်လက်ရှည်စောင့်ပေးတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ် ။ကျွန်မ တောင်ကုတ်ကို မရောက်တာ ၂၀၀၂ ကတည်းကဆို ၁၃ နှစ်လောက် ရှိပါပြီ ။ ၂၀၀၂ လောက်က တောင်ကုတ် ကိုရောက်တဲ့ အချိန်မှာ အင်မတန်မှ အခက်အခဲတွေကြားထဲကရောက်လာခဲ့ပေမယ့် မြို့သူမြို့သားတွေက စိတ်ဓာတ်အပြည့်နဲ့ အားပေးခဲ့တာကို ခုချိန်ထိ မမေ့ပါဘူး ။ ဒါကြောင့် ကျေးဇူးတင်တယ်လို့ ပြောပါရစေ ။ ဟိုဘက်က နေပူထဲမှာ ထိုင်နေသူတွေကိုလည်း အထူးကျေးဇူး တင်ကြောင်း ပြောပါရစေ ။ အရိပ်ထဲမှာ ထိုင်ရတာနဲ့ နေပူထဲမှာ ထိုင်ရတာ မတူပါဘူး ။ ပူတဲ့နေရာမှာထိုင်ရတာနဲ့ အရိပ်ထဲထိုင်ရတာ ဘယ်လောက် ကွာခြားလဲ ။ ဒါကြောင့် ကျွန်မတို့ဟာ ပြောင်းလဲချင်တယ် ဆိုတာ ပြည်သူ လူထုတွေအရိပ်အောက်ကိုရောက်အောင်ပြောင်းလဲချင်တာဖြစ်ပါတယ် ။ ကျွန်မတို့နိုင်ငံဟာ ပြည်ထောင်စုနိုင်ငံဖြစ်ပါတယ် ။ ကျွန်မ ဘယ်ပဲရောက်ခဲ့ရောက်ခဲ့ ပြည်သူလူထုတွေဟာ အတူတူပဲဖြစ်ပါတယ် ။ ပြည်သူတွေဟာ ဘယ်မှာပဲဖြစ်ဖြစ် အေးအေးချမ်းချမ်း လုံလုံ ခြုံခြုံနဲ့ နေချင်ကြတာပဲ ။ဒီလို နေနိုင်ဖို့ဆိုတာ အားလုံးအတူတူ ၀ိုင်းဝန်းကြိုးစား မှ နေနိုင်ကြမှာဖြစ်တယ် ။" ဟု ပြောကြားခဲ့သည်။

မည်သို့ပင်ဖြစ်စေ ဒေါ်အောင်ဆန်းစုကြည်သည် အစဉ်အဆက် တစိုက်မတ်မတ်အနစ်နာခံ လုပ်ဆောင်ခဲ့သူဖြစ်၍ လက်ခံနိုင်ကြောင်း ဆိုင်ကယ်ကယ်ရီ လုပ်ငန်းလုပ်ကိုင်သည့် ဒေသခံတစ်ဦးက ဆိုသည်။

ရခိုင်ပါတီကို မဲပေးချင်သော်လည်း တကယ်တမ်း မှန်မှန်ကန်ကန် လုပ်နိုင်သည်မှာ NLD သာ ရှိကြောင်း ယင်းကြောင့် NLD ပါတီကိုသာ မဲပေးမည်ဖြစ်ကြောင်း တောင်ကုတ်အထိ လိုက်ပါလာသည့် သံတွဲဒေသခံ တက္ကသိုလ်ကျောင်းသားတစ်ဦးက The Ladies သို့ ပြောဆိုခဲ့သည်။

ယခင်အချိန်အထိ အနစ်နာခံလုပ်ဆောင်လာခြင်းကြောင့် မည်သူပြောပြော NLDကိုသာ မဲပေးမည်ဖြစ်ကြောင်း ကိုင်းရှည်ရွာမှ အသက် ၅၇ နှစ်အရွယ်အမျိုးသမီးကြီးတစ်ဦးက လည်း The Ladies သို့ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ရခိုင်ပြည်နယ် ခရီးစဉ် လုံခြုံရေးမှာလည်း စိုးရိမ်စရာ မရှိကြောင်း ၊ ရဲတပ်ဖွဲ့ဝင်များစွာကလည်း လိုက်လံစောင့်ရှောက်ခဲ့ကြသည်။ သံတွဲလေဆိပ်သို့ ရောက်ရှိစဉ် ဒေသခံများစွာက ကြိုဆိုခဲ့ကြကြောင်းလည်း သိရသည်။

လူဦးရေ အလွန်ခေါင်ပါးသည့် သံတွဲ တောင်ကုတ်လမ်း တစ်လျောက် မှာပင် ရွာသူရွာသားများက လမ်းဝဲယာတစ်လျောက် ကြိုဆိုမှုများကို အံ့သြမိသည်ဟု ပြည်တွင်းမှ နိုင်ငံခြားသတင်းဌာနမှ တစ်ဦးက ၄င်း၏ ဖေ့ဘုတ်စာမျက်နှာတွင် ပုံများဖြင့် ဖော်ပြခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ တောင်ကုတ်မြို့ဟောပြောပွဲ အပြီးတွင် သံတွဲမြို့  သို့ ပြန်လည်သွားရောက် ညအိပ်နားနေမည် ဖြစ်ပြီး မနက်ဖြန် အောက်တိုဘာ (၁၇) ရက်နေ့တွင် သံတွဲမြို့တွင် လည်းကောင်း ဟောပြောပွဲ ပြုလုပ်မည်ဖြစ်သည်။

ထို့နောက် ဂွမြို့နယ်မှ တစ်ဆင့် ဧရာဝတီတိုင်း ငသိုင်းချောင်းမြို့သို့ သွားရောက်မည်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ထုတ်ပြန်ထားသည်။

သတင်း - ဆောင်းဖြူ ၊ ဇော်မင်းထွန်း
The Ladies News Journal
https://www.facebook.com/News.TheLadies

0 comments:

Post a Comment